nptdc title

Language »  English | Myanmar

နေပြည်တော်ရှိ အထင်ကရနေရာများ

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။


ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး

နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော်ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက်(၂)မိုင်(၄)ဖာလုံခန့် အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေ လျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင်တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထား ပြီးစီးခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဘုန်းတော်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများအားလုံး ဘေးဥပဒ်အန္တရာယ်အသွယ်သွယ်မှ ကင်းဝေး စေပြီးကောင်းကျိုးချမ်းသာကျက်သရေ မင်္ဂလာအဖြာဖြာဖြင့်ပြည့်စုံစေရန် ရည်ရွယ်၍ "ဖြစ်ပေါ် တွေ့ကြုံလာသည့်ဘေးအန္တရာယ်အားလုံးငြိမ်းအေးစေခြင်း"ဟု မြန်မာပြန် အနက်အဓိပ္ပါယ်ရသော"ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး"ဟု ပူဇော်သမုတ်ခဲ့သည်။


သံဝေဇနိယလေးဌာနနှင့် သတ္တသတ္တာဟတရားစခန်း

သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)နှင့် သတ္တသတ္တာဟတရားစခန်းတို့သည် နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးအတိုင်းသွားပါက ခွာညိုပန်းအဝိုင်းအလွန် နေပြည်တော်-တပ်ကုန်းလမ်း၏ တဖက်တချက်တွင် တည်ရှိသည်။ သတ္တသတ္တာဟစေတီတော်ကို နိုင်ငံတော်ငြိမ်းချမ်းသာယာစေရန် လည်းကောင်း၊ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ဒိယသမ္မတနိုင်ငံဂယာမြို့ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟနေရာများကို သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသည့် မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ပင် အလွယ်တကူ ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း ရည်ရွယ် တည်ဆောက်ပါသည်။


ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်

နေပြည်တော်မင်္ဂလကုန်းတော်တွင် တည်ထားကိုးကွယ်သည့် ဓာတုစယဓာတ်ပေါင်းစုစေတီကို ၁၃၆၇ခုနှစ် ပြာသိုလပြည့်ကျော်(၁၃)ရက်နေ့တွင် ပန္နက်တော်တင်၍ ၁၃၆၉ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက်နေ့တွင် ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားများဖြင့် တည်ထားခဲ့ပြီး ဓာတုစယဓာတ်ပေါင်းစုစေတီတော် ဟုဘွဲ့အမည်သမုတ်တော်မူခဲ့ပါသည်။


နေပြည်တော် ရေပန်းဥယျာဉ်

ရေပန်းဥယျာဉ်ကို ပြည်သူများ အပန်းဖြေနားနေနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် နေပြည်တော် တောင်ညိုလမ်းမြို့တော်ခန်းမအနီးတွင် (၂၀၀၇)ခုနှစ် မေလတွင် စတင်တည်ဆောက်ကာ(၂၀၀၈ခုနှစ်ဇန်နဝါရီ(၄)ရက်)လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။


နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း

ပျဉ်းမနား-ပင်လောင်း ကားလမ်းပေါ်ရှိ တောင်ကျရွာ အနီးတွင် တည်ရှိပါသည်။ တပ်ကုန်းအနီးရှိ မိုင်တိုင်အမှတ် ၂၇၁/၄တွင် ကင်းသာလမ်းဆုံ ရှိပါသည်။ ထိုကင်းသာလမ်းဆုံမှ ကိုးကွေ့အထိတောင်ပေါ်လမ်းအတိုင်း(၂၁)မိုင် ရှိပါသည်။ တဖန်ကိုးကွေ့မှ ပျဉ်းမနား-ပင်လောင်းကားလမ်းအတိုင်း ၄ မိုင်၊ ၂ ဖာလုံဆက်၍သွားလျှင် ယခင်တောင်ကျရွာ (ယခုအခေါ်တောင်ပေါ်ရွာ) အလွန်တွင် နေပြည်တော်ရေပူစမ်းအပန်းဖြေစခန်း တည်ရှိပါသည်။


ဆာဖာရီဥယျာဉ်(နေပြည်တော်)

ဆာဖာရီဥယျာဉ်(နေပြည်တော်)သည် ရန်ကုန်-မန္တလေး ကားလမ်း၏ အရှေ့ဘက် မိုင်တိုင်အမှတ်(၂၅၇/၀)တွင် တည်ရှိပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)တို့နှင့် ဆက်စပ်လျက်ရှိပါသည်။


တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း အရှေ့ဘက် ရေဆင်းဆည်အနီး၌ တည်ရှိပါသည်။


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)(National Landmark Garden) ကို နေပြည်တော်ပျဉ်းမနားအနီးရှိ ရေဆင်းဆည်နှင့်ထိစပ်လျက် တိရစ္ဆာန်ဥယျာဉ် နက္ခတ်တာရာပြခန်းနှင့် ဆာဖာရီ ဥယျာဉ်(နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။


အမျိုးသား ပရဆေးဥယျာဉ်

အမျိုးသား ပရဆေးဥယျာဉ်သည် နေပြည်တော်-တောင်ညိုလမ်းဘေး ဧက၂၀၀ခန့်ကျယ်ဥယျာဉ်ဖြစ်ပြီး ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ မျိုးထိန်းခြင်းတို့ကို ဆောင်ရွက်နေပါသည်။


နေပြည်တော်ဘူတာကြီး

နေပြည်တော်ဘူတာကြီးသည် ပုဗ္ဗသီရိမြို့၏ ရန်ကုန်-မန္တလေး မီးရထားလမ်း၏ ရွာတော်ဘူတာနှင့် ကျည်ထောင်ကန်ဘူတာတို့ကြားတွင် တည်ဆောက်ထားပြီး မြန်မာနိုင်ငံအရပ်ရပ်သို့ ခရီးစဉ်များ နေ့စဉ် ဆိုက်ရောက်/ထွက်ခွာ သွားလာနေပါသည်။ နေပြည်တော် ဘူတာကြီးသို့ နေပြည်တော်မြို့မနှင့် ပျဉ်းမနားတို့မှနေ၍ ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲပေးနေပြီး စင်းလုံးငှားယာဉ်ငယ်များလည်း ငှားရမ်းရန် ရှိနေပါသည်။


နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လယ်ဝေးမြို့နယ် ဧလာမြို့အနီးတည်ရှိပြီး ဝန်ကြီးရုံးဌာနများနှင့် ဟိုတယ်ဇုန်တို့ဖြင့် ရာဇသင်္ဂဟလမ်းမကြီးဖြင့် ဆက်သွယ်ထားပါသည်။ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့်လေယာဉ်ပြေးလမ်း၊ ခရီးသည် ဆိုက်ရောက်ထွက်ခွာ ခန်းမဆောင်နှင့် လိုအပ်သည့် အဆောက်အဦများဖြင့် ပြည့်စုံစွာ တည်ဆောက်ထားပါသည်။


နက္ခတ်တာရာပြခန်း (နေပြည်တော်)

နက္ခတ်တာရာပြခန်း(နေပြည်တော်)သည် ရန်ကုန်-မန္တလေးကားလမ်းမကြီး၏ အရှေ့ဘက်ရေဆင်းဆည်အနီးရှိ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ တည်ရှိပါသည်။ နက္ခတ်တာရာပြခန်း(နေပြည်တော်)တွင် နိုင်ငံတကာအဆင့်မီစက်များနှင့် အသုံးအဆောင်များကို တပ်ဆင်အသုံးပြုထားပြီး လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေရန် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ရေတံခွန်နှင့် မြေယာရှုခင်း အလှဆင်ထားပါသည်။ နက္ခတ်တာရာပြခန်း (နေပြည်တော်)တွင် နက္ခတ်များ၊ ဂြိုလ်များနှင့် ကြယ်တာရာများ အာကာသအတွင်း တည်ရှိနေပုံနှင့် လှည့်ပတ်သွားလာနေပုံများကို လေ့လာနိုင်ပါသည်။


မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)(နေပြည်တော်)ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အကျယ်အဝန်း ၁၂.၅ ဧကတွင် တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏အကြီးဆုံးကျောက်မျက်ရတနာပြတိုက်ကြီးတစ်ခု ဖြစ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ အထပ်(၃)ထပ်ပါရှိပြီး မြေညီထပ်တွင် ရုံးခန်း၊ အခြားခန်းများ၊ ကားရပ်နားနိုင်ရန် နေရာပါရှိသည်။ ပထမထပ်တွင် ကျောက်မျက်ရတနာဆိုင်ခန်းများ၊ ဒုတိယထပ်တွင် ပြခန်းများပါရှိသည်။


မဏိရတနာခန်းမနှင့်ကျောက်စိမ်းဥယျာဉ် (နေပြည်တော်)

မဏိရတနာခန်းမနှင့် ကျောက်စိမ်းဥယျာဉ်တို့သည် ရာဇသင်္ဂဟလမ်း၊ နေပြည်တော် ဟိုတယ်ဇုန်နှင့် သပြေကုန်းအဝိုင်းတို့အကြား မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)အနီး သပြေကုန်းစျေး အဝင်လမ်း၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပါသည်။ မဏိရတနာခန်းမတွင် ကျောက်မျက်ပြပွဲများ နှင့် လေလံပွဲများ ကျင်းပပြုလုပ်ပြီး လူဦးရေထောင်ကျော်လက်ခံနိုင်ပြီး ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ထားသည့် ခန်းမကြီးဖြစ်ပါသည်။ ကျောက်စိမ်းဥယျာဉ်သည် နေပြည်တော်တွင် နောက်ဆုံးတည်ဆောက်ဖွင့်လှစ်လိုက်သည့် အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်ပါသည်။ ကျောက်စိမ်းများဖြင့် အဓိကထား အလှဆင်ပြသထားပြီး ရေကန်ငယ်၊ ပန်းအလှပင်များနှင့် မြက်ခင်းများဖြင့် မြေယာရှုခင်း အလှဆင်ထားပါသည်။


နေပြည်တော် ငလိုက်ကန်သာအပန်းဖြေဥယျာဉ်စခန်း

နေပြည်တော်မှ (၇)မိုင်အကွာ၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံ၏ ရေစပ်ကမ်းခြေတလျှောက်၌ တည်ဆောက်ထားရှိသည်။ ၂၀၀၈ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ငလိုက်ကန်သာ အပန်းဖြေဥယျာဉ်စခန်းသည် ဆည်ရေလှောင်တမံနှင့် သဘာဝပတ်ဝန်းကျင် အေးချမ်းသာယာမှုကို ခံစားနိုင်ရန် တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။ လာရောက်အပန်းဖြေသူများအတွက် အပန်းဖြေနေားနေစရာ ရေချိုးဆိပ်၊ ရေလယ်ကျွန်းနှင့် နားနေစခန်း၊ လှေ၊ ဖောင်ဖြင့် ကြည့်ရှုနိုင်သည့်နေရာများ ပါဝင်ဖွဲ့စည်းထားပါသည်။