nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး(အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ မြေပြင်ကွင်းဆင်းစစ်ဆေး06 May 2026 : 14:05:00

နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး (အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့်တွေ့ဆုံသည်။တွေ့ဆုံစဉ် ဒုတိယမြို့တော်ဝန်က မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင် နေသော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီ ပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက်ရည်ရွယ်၍ ဆောင်ရွက် ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရေး သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျ ပြုပြင်ဆောင်ရွက်ရန် လိုကြောင်းနှင့် QA/QC အဖွဲ့များကလည်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးမှုများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။ထို့နောက် တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ နှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းပိုင်း ဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အခြား လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်း များကို သတ်မှတ်ထားသော အချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးစေရေး အထူးအလေးထား၍ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဝန်ထမ်းအိမ်ရာများသည် ဝန်ထမ်းများ၏ စားဝတ်နေရေးတွင် နေရေးနှင့် တိုက်ရိုက်ဆက်နွယ်နေသောကြောင့် တိကျမှန်ကန်မှု၊ အချိန်မီဆောင်ရွက်မှုနှင့် အရည်အသွေးပြည့်မီမှုတို့သည် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များဖြစ်၍ အလေးထားဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိ ရပ်ကွက် ( အကွက်ကြီး - ၂ )ရှိ တိုက်အမှတ်(၂၃၃၈)၊ (၂၃၄၆)နှင့် ဉာဏသိဒ္ဓိရပ်ကွက်( အကွက်ကြီး - ၃ )ရှိ တိုက်အမှတ်(၃၃၆၂)တို့သို့ သွားရောက်၍ ငလျင်‌ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်မစာမျက်နှာသို့