nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဦးဝင်းမိုးခိုင် နေပြည်တော်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ယာဉ်သွားလာမှုစနစ် ယာယီပြောင်းလဲဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး15 November 2026 : 15:11:00

နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်း အနီးတွင် ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ယာဉ်သွား လာမှုစနစ် ယာယီပြောင်းလဲဆောင်ရွက်ထားရှိမှုကြောင့် ပြည်သူများ၏ သွားလာရေး အခက်အခဲ မရှိစေရန်နှင့် ယာဉ်ကြောသွားလာမှု ဘေးကင်းချောမွေ့စေရန် သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်။နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်း အဝိုင်းအနီးတွင် နေပြည်တော်မုခ်ဦးတည်ဆောက်ရေးအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါလုပ်ငန်း၏ ဒုတိယအဆင့် မုခ်ဦးအလယ်ပိုင်း (P2) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ မြို့အထွက်နှင့် မြို့အဝင် ပင်မလမ်းများဖြစ်သော M1 နှင့် M2 လမ်းများအား ယာယီပိတ်ထားပြီး ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ပြီးစီးထားသည့် မြို့အထွက်ရှောင်ကွင်းလမ်း F1 နှင့် မြို့အဝင်ရှောင်ကွင်းလမ်း F2 တို့မှ ယာဉ်များကို ယာယီပြောင်းလဲသွားလာစေခဲ့ပါသည်။ထိုသို့ ယာဉ်သွားလာမှုစနစ် ယာယီပြောင်းလဲဆောင်ရွက်ထားရှိမှုကြောင့် ပြည်သူများ၏ သွားလာရေးတွင် အခက်အခဲမရှိစေရန်နှင့် ယာဉ်ကြောသွားလာမှု ဘေးကင်းချောမွေ့စေရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်၊ ဦးဝင်းမိုးခိုင်သည် နံနက် ၇ နာရီတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင် F1 နှင့် F2 လမ်းများပေါ်၌ ယာဉ်ကြောသွားလာမှုအခြေအနေ၊ လမ်းအဝင်အထွက်နေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုရှိ၊ မရှိ၊ ယာဉ်လမ်းကြောင်းညွှန်ပြဆိုင်းဘုတ် များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဒုတိယမြို့တော်ဝန်က တာဝန်ရှိသူများအား ယာဉ်ကြောသွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်လမ်းကြောင်း ပြောင်းလဲသည့်နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များကို ထင်ရှားစွာထားရှိရန်၊ ယာဉ် ကြောကျပ်တည်းမှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဖြေရှင်းရန်၊ အနီးဝန်းကျင်ရှိ ဟိုတယ်များနှင့် ဆက်စပ်လမ်းများ၏ အဝင်အထွက်များ အဆင်ပြေစေရန်နှင့် ပြည်သူများသွားလာရေး အခက်အခဲအနည်းဆုံးဖြစ်စေရန် မှာကြားခဲ့ပါသည်။ထို့ပြင် မုခ်ဦးအလယ်ပိုင်း P2 တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် အင်ဂျင်နီယာစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကို အထူးအလေးထားရန်နှင့် လုပ်ငန်းတိုးတက်မှုကို စနစ်တကျ ကြီးကြပ် စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မုခ်ဦးတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ ဘေးကင်းလုံခြုံစွာ၊ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးကို ဦးစားပေး၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ နေ့စဉ်သွားလာရေး အဆင်ပြေချောမွေ့မှုနှင့် ဘေးကင်းလုံခြုံမှုကိုလည်း အလေးထားကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့