nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Campaign) အစီအစဉ်ဆောင်ရွက်13 June 2026 : 14:06:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်နှင့် ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကို Clean City ၊ Green City ၊ Smart City ဖြစ်စေရေး၊ နိုင်ငံတကာမြို့တော်များ၏ စံအင်္ဂါရပ်များနှင့်ညီညွတ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်၊၊နေပြည်တော်အား သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှုရှိစေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့တော်နေ ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ပါးစေရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး၊ အမှိုက်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် သစ်ကိုင်း၊ သစ်ရွက်ခြောက်များ မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ရေး၊ အမှိုက်ထွက်ရှိမှု ပမာဏလျော့ချနိုင်ရေး(Waste Reduction)၊ 3R (Reduce, Reuse, Recycle) လုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အမှိုက်ကင်းမဲ့ဇုန်များ ဖော်ထုတ်နိုင်ရေး လုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ကို ရည်ရွယ်၍ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Campaign) အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် သပြေကုန်းဈေးအရှေ့ရှိ MG EV Charging Station အနီးနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၁) ဦးခွန်နေထွန်းဦးနှင့် တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်၊၊ထိုသို့ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များဟူ၍ အမှိုက်အမျိုးအစား (၄)မျိုး ခွဲခြားစွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းသည့်စနစ်နှင့် အမှိုက်သိမ်းယာဉ်များတွင် အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းများနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြသခြင်း၊ အသိပညာပေးဆောင်ပုဒ်များ ရေးသားထားသည့် လက်ကိုင်ပိုစတာများ ကိုင်ဆောင်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ယာဉ်များတွင် စတစ်ကာများကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ထို့အပြင် မြို့တော်နေ ပြည်သူများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သမားရိုးကျမဟုတ်သော အမှိုက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းထွက် စွန့်ပစ်အမှိုက်များ၊ ဉယျာဉ်ခြံထွက် စွန့်ပစ်အမှိုက်များ၊ ပရိဘောဂ စွန့်ပစ်အမှိုက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းထွက် အမှိုက်များစွန့်ပစ်လိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့သို့ On Call စနစ်ဖြင့် ဆက်သွယ်ခေါ်ယူပါက သတ်မှတ်နှုန်းထားများအတိုင်း အမှိုက်သိမ်းဆည်းခြင်းအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပင်မစာမျက်နှာသို့