nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ပုဗ္ဗသီရိမြို့ သောက်သုံးရေ ပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူပေးပို့သည့် ပိုက်လိုင်းကို OD - 450mm HDPE ပိုက်(၉၀၀၀)ပေ အစားထိုးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး25 June 2026 : 15:06:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ် ဇွန် လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့ သောက်သုံးရေ ပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူပေးပို့သည့် ပိုက်လိုင်းကို OD - 450mm HDPE ပိုက်(၉၀၀၀)ပေ အစားထိုးသွယ်တန်းခြင်းလုပ်ငန်းခွင်နှင့် ဓနသိဒ္ဓိရေစက်ရုံတွင် လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ဦးစွာ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ ပုဗ္ဗသီရိမြို့သို့ ရေပေးဝေနိုင်ရန် ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ဆောက်ထားပြီးဖြစ်သော ဆည်(၆)ဆည်မှ ရေပေးဝေနေမှု၊ ၎င်းဆည်များမှရေမလုံလောက်သည့်အတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူပေးပို့သည့် ၁၆ လက်မ PVC ပိုက်လိုင်း(၂၉၇၀၀)ပေ သွယ်တန်းထားရှိမှု၊ မန္တလေး ငလျင်ဒဏ်ကြောင့် ၁၆ လက်မ PVC ပိုက်လိုင်းဥတ္တရသီရိမြို့နယ်အပိုင်းတွင် များစွာ ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သောကြောင့် ပိုက်လိုင်းအတွင်း ရေဖိအားအများဆုံးနေရာဖြစ်သည့် ဥတ္တရသီရိမြို့နယ်အပိုင်းတွင် PVC ပိုက်အစား OD - 450mm HDPE ပိုက် (၉၀၀၀)ပေ အစားထိုးလဲလှယ်ဆောင်ရွက်နေရမှုအခြေအနေ၊ ၎င်းလုပ်ငန်းကို(၁၆-၆-၂၀၂၆) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၃၀၀၀)ပေခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဇူလိုင်လတတိယ အပတ်တွင် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်မှု အခြေအနေ၊ ၎င်းပိုက်လိုင်းဆောင်ရွက်ပြီးစီးပါက ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ ရေကူတင် ပို့မှုကို ယခင်ထက်ပိုမို၍ ရေအရည်အသွေးကောင်းမွန်သောရေကို ပေးပို့နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ဆက်လက်၍ မြို့တော်ဝန်မှ ပိုက်လိုင်းသွယ်တန်းရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာဖြင့် နည်းစနစ်တကျ လျှင်မြန်စွာဖြင့် သေချာအောင်ဆောင်ရွက်ရန်၊ ယခု ဆောင်ရွက်နေသောပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှသာ ပုဗ္ဗသီရိမြို့ပြည်သူများသို့ အရည်အသွေးကောင်းမွန်သောရေကို ပေးပို့မည်ဖြစ်သဖြင့် လုပ်ငန်းအားသတ်မှတ်အချိန်အတွင်း ပြီးစီးအောင် အားသွန်ခွန်စိုက်စေတနာထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် တစ်ရက်ရေဂါလန်(၆)သန်းရယူပြီးသန့်စင်ဖြန့်ဝေပေးမည့် ဓနသိဒ္ဓိရေစက်ရုံတွင် လုပ်ငန်း လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ယင်းနောက် တာဝန်ရှိသူများမှ နေပြည်တော်၏ရေပေးဝေရေးအတွက် ရေအရင်းအမြစ် မလုံလောက်မှုကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် တစ်ရက်ရေဂါလန်(၆)သန်းတိုးချဲ့ရယူနိုင် ရန်ဆောင်ရွက်ခဲ့မှု၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ ပွန်တွန်းတည်ဆောက်ခြင်း၊ ရေသန့်စင်မှု စနစ်တည်ဆောက်ခြင်း၊ ရေရယူမှု၊ ပို့လွှတ်မှု၊ ရေသန့်စင်မှုစနစ်တို့ကို ထိန်းချုပ်ပေးနိုင်သည့် SCADA System တပ်ဆင်ထားရှိမှုတို့ကို ရာနှုန်းပြည့်တည်ဆောက်ထားရှိမှုအခြေအနေ၊ ယခုလက်ရှိတွင် သန့်ရှင်းသော သောက်သုံးရေဖြန့်ဝေနိုင်ရေးအတွက် ထိန်းညှိပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကြာမီရက်ပိုင်းအတွင်း အပြည့်အဝပေးဝေနိုင်တော့မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်ကယခုရေစက်ရုံသည် နေပြည်တော်၏ သောက်သုံးရေပေးဝေမှုအတွက် အဓိကထောက်ပံ့ပေးမည့် စက်ရုံဖြစ်သည့်အတွက် ချိန်ညှိ ဆောင်ရွက်မှုများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်ရုံပတ်ဝန်းကျင်သာယာလှပရေး ကိုလည်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပင်မစာမျက်နှာသို့