nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သိဒ္ဓိရပ်ကွက် (၉)ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး၊ ပြုပြင်ပြီးစီးသည့် တိုက်များတွင် ဝန်ထမ်းများ ပြန်လည်နေရာချထားရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက် 13 June 2026 : 13:06:00

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သိဒ္ဓိရပ်ကွက် (၉)ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး၊ ပြုပြင်ပြီးစီးသည့် တိုက်များတွင် ဝန်ထမ်းများ ပြန်လည် နေရာချထားရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင်(၁) ဦးခွန်နေထွန်းဦး၊ ကော်မတီဝင်(၃) ဦးကျော်ကျော်အောင်၊ ဌာနကြီးမှူး ဦးတင်အောင်ငွေ၊ ဌာနမှူးများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ဦးစွာ ဒုတိယမြို့တော်ဝန်က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ပြုပြင်ပြီးစီးသွားသည့် တိုက်များတွင် နိုင်ငံ့ဝန်ထမ်း များကို ပြန်လည်ခွဲဝေ နေရာချထားပေးမည်ဖြစ်ကြောင်း၊ မိမိတို့ နေထိုင်ခွင့်ရရှိသော တိုက်များတွင် အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်သွားရန်နှင့် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ရန်ကျန်ရှိသည့် တိုက်များကိုလည်း အချိန်မီ ပြီးစီးနိုင်ရေး ကော်မတီက သက်ဆိုင်ရာကုမ္ပဏီများသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးစီးပါက ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ ထပ်မံအကြောင်းကြားပေးမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ ဒုတိယမြို့တော်ဝန်က တင်ပြချက်များအပေါ် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးရန်ရှိသည်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းအိမ်ရာသန့်ရှင်း၊ သာယာ၊ လှပရေးအတွက် သက်ဆိုင်ရာတိုက်တာဝန်ခံများနှင့် ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့