03 May 2026 : 10:05:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင် ဦးကျော်ကျော်အောင် နှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက် နံနက်ပိုင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ထိန်းသိမ်းဆောင်ရွက် လျက်ရှိသော ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိ စစ်ဆေးသည်။ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရေဆိုးသန့်စင်စက်ရုံ၏ တစ်ရက်လည်ပတ် နိုင်စွမ်းမှာ ၁၆၀၀ m3/day ရှိကြောင်း၊ မင်္ဂလာသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာတိုက်(၁၁၀)လုံးရှိ လူဦးရေ(၅၀၀၀)ခန့်မှ သုံးစွဲထွက်ရှိလာသော မီးဖိုချောင်သုံးရေနှင့် မိလ္လာရေများအား Aerobic စနစ်ဖြင့်သန့်စင်နေမှု ၊ ၎င်းအပြင် အခြားရပ်ကွက်မှ ရေပုပ်စုပ်ယာဉ်များဖြင့် စုပ်ယူလာသော ရေဆိုးများကို အနည်ထိုင်ကန်တွင် ကနဦးထည့်သွင်းပြီး သန့်စင်မှုစနစ်တွင်သန့်စင်ပေးနေမှု၊ သန့်စင်ပြီးမိလ္လာရေများအား Clorination ပြုလုပ်ပြီးသည့်နောက် (၁.၃)ဧကရှိမြေသားကန်တွင် ထိန်းသိမ်းထားရှိမှု၊ ရေဆိုးစက်ရုံမှ ထွက်ရှိလာသော အနည်အနှစ်များကိုလည်း မြို့သာယာလှပရေး အတွက် အထောက်အကူဖြစ်စေမည့် ပန်းအလှပင်များအတွက် မြေဩဇာဖြန့်ဝေနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေဆိုးသန့်စင်စက်ရုံတွင် ကလိုရင်းခတ်သည့် ပမာဏကို လုံလောက်သည့်ပမာဏဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ ထွက်ရှိလာသော သဘာဝမြေဩဇာများကိုလည်း ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနသို့ ချိတ်ဆက်ပေးဝေရန်၊ နေပြည်တော်သည် မြို့အင်္ဂါရပ်များနှင့်အညီ တစ်မြို့လုံးအတိုင်းအတာအနေဖြင့် ရေဆိုးသန့်စင်မှုကို ရာနှုန်းပြည့်လွှမ်းခြုံနိုင်အောင် ဆောင်ရွက်မည့် အစီအစဉ်အား ရေးဆွဲတင်ပြရန်၊ စက်ရုံပတ်ဝန်းကျင် သန့်ရှင်းရေး၊ အနံ့အသက် ထိန်းချုပ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေး၊ မှတ်တမ်းများ စနစ်တကျထားရှိရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်ရန်နှင့် နောင်တွင်လုပ်ငန်းများတိုးချဲ့၍ ရေဆိုးသန့်စင်ပေးနိုင်ရေးအတွက် စက်ရုံ၏ အားနည်းချက်၊ အားသာချက်များအပေါ် အခြေခံ၍ Master Plan လျာထားရေးဆွဲ တင်ပြရန် မှာကြားသည်။ ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရေသန့်စင် စက်ရုံအမှတ်(၁)သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက ရေသန့်စင်စက်ရုံအမှတ်(၁)၏ တစ်ရက် လျှင် ရေဂါလန်(၂.၅)သန်း စစ်ထုတ်နိုင်သော အနှေးနှုန်းသဲရေစစ်ကန်(၃)ကန်မှ တစ်ရက်လျှင် ရေဂါလန်(၇.၅)သန်း စစ်ထုတ်နေမှု၊ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သော ချောင်းမကြီးဆည်မှ ရေပို့ပိုက်လိုင်းအစား HDPE ပိုက်လိုင်းဖြင့် သွယ်တန်းနိုင်မှုကြောင့် နွေရာသီရေနည်းကာလအထိ လုံလောက်စွာစုပ်ယူပေးပို့နိုင်မှု၊ သန့်စင်ပြီးရေများကို ဝန်ကြီးဌာနရုံးကြီးများ၊ ခုတင်(၁၀၀၀)ပြည်သူ့ ဆေးရုံကြီး၊ ကံ့ကော်ရပ်ကွက်၊ မြို့မဈေး၊ ပိတောက်အိမ်ရာ၊ ခရေအိမ်ရာ၊ စံပယ်အိမ်ရာများသို့ သောက်သုံးရေပို့လွှတ်နေမှုများနှင့် ဟိုတယ်ဇုန်အပိုင်း(၁)သို့ပါ ဖြန့်ဝေပေးနေမှု၊ ရေတွန်းပို့နေသော ပန့်မော်တာများ လျှပ်စစ်ဓါတ်အားကုန်ကျမှု သက်သာစေရန် Solar Panel (on grid system) တပ်ဆင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ယခုရေသန့်စင်စက်ရုံအမှတ်(၁) သည် နေပြည်တော်ရေပေးဝေရေးလုပ်ငန်း၏ ပမာဏအများဆုံးပေးဝေနေသော နေရာဖြစ်သည့် အတွက် ရေဖူလုံစွာပေးဝေနိုင်ရေးအပြင် သောက်သုံးရေအရည်အသွေး အမြဲကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ပါတည်း အလေးထားဆောင်ရွက်ရန်၊ ကလိုရင်းခတ်သည့် ပမာဏကိုလည်း လုံလောက်သည့်ပမာဏဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှုလျော့ကျစေသည့် ဆိုလာစနစ်တပ်ဆင်မှုကို အခြားရေပေးရေးနေရာများ တွင်လည်း ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။








