nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ နေပြည်တော်ရေပန်းဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး02 May 2026 : 11:05:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်(၂)၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူး၊ သက်ဆိုင်ရာဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို ကားလမ်းမကြီးဘေးရှိ မင်္ဂလာကန်ပတ်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နေပြည်တော်ရှိ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ နိုင်စေရန်အတွက် အသစ်ထပ်မံတည်ဆောက်မည့်လုပ်ငန်းများကို စံချိန်စံညွှန်း အရည်အသွေးပြည့်ဝစွာ ခေတ်မီနည်းစနစ်များဖြင့် ကြိုးစားလုပ်ဆောင်သွားရန် မှာကြားသည်။ ယင်းနောက် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော မင်္ဂလာကန်နှင့် ပန်းခြံအတွင်း လူသွားလျှောက်လမ်းများ၊ ကန်ပတ်လမ်းများ၊ ကျောက်စီမြေထိန်းနံရံများ ပြုပြင်ပြီးစီးမှုအခြေအနေ နှင့် မင်္ဂလာကန်အတွင်း ရေစီးဝင်/စီးထွက်မှု လမ်းကြောင်းများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က မင်္ဂလာကန်သည် အများပြည်သူများ အပန်းဖြေ အနားယူသည့် နေရာဖြစ်သည့်အတွက် အမြဲတမ်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပြုပြင်နေသည့်လုပ်ငန်းများကို အချောသတ်ပြီးစီးအောင်ဆောင်ရွက်၍ မလိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား ရှင်းလင်းဖယ်ရှားရန်၊ မင်္ဂလာကန်(၁)အနီး ရေပေါ်စင် ပြန်လည်ပြုပြင်ရန်၊ မင်္ဂလာကန်ပတ်လမ်းရှိ Pergola တွင် ထွန်းညှိထားသည့် LED မီးတန်းများ အသစ်တပ်ဆင်ရန်၊ နာရီစင်အား အဆင့်မြှင့်တင်ရန်၊ မင်္ဂလာကန်(၃)ဖက်ခြမ်းရှိ ပျက်စီးနေသော ကန်ပတ်လမ်းအားပြုပြင်ရန်၊ အများပြည်သူ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်သည့်နေရာ တွင် ပျက်စီးယိုယွင်းနေသော အားကစားလေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို စနစ်တကျ ပြန်လည်အစားထိုးတပ်ဆင်ပေးရန်တို့ကို ရက်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများတွင် ထည့်သွင်းလျာထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့