26 October 2025 : 09:10:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်ရှိ ရာဇသင်္ဂဟလမ်းသို့ သွားရောက်၍ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းများတစ်လျှောက် စိမ်းလန်းစိုပြေစေရေး ရာသီအလိုက် ပန်းအလှပင် များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် စီမံစိုက်ပျိုးရန်၊ လမ်းဥပဓိရုပ် ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့် ရပ်ကွက်/ကျေးရွာဆိုင်းဘုတ်များအား စနစ်တကျထားရှိ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ထို့နောက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်မှ ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင် လမ်းပိုင်းများ၊ လမ်းဘေးပလက်ဖောင်းများနှင့် ကပ်တုံးများ ပြန်လည်ပြုပြင်နေမှုအခြေအနေနှင့် လမ်းဘေးမြေယာရှုခင်းများ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ လူနှင့် စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရန်၊ လုပ်ငန်းအဆင့်ဆင့်အလိုက် သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေးနှင့် အရည်အသွေး၊ စံချိန် စံညွှန်းများ ကိုက်ညီမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့မှု ရှိစေရေး ပြုပြင်ထိန်းသိမ်းရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။








