nptdc title

Language »  English | Myanmar

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်06 February 2026 : 14:02:00

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများဖြင့် တက်ရောက်ပါဝင်ဆင်နွှဲမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်သည့်အခမ်းအနားကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ထိုသို့တွေ့ဆုံစဉ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများကို အပြန်အလှန် ဖလှယ်နိုင်စေရန်အတွက် ရည်ရွယ်၍ဖိတ်ကြားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစားပေးပုံဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန်တို့အတွက်လည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့်ဧည့်သည်တော်များကို မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုအကများဖြင့် မြန်မာနိုင်ငံသားဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ထုတ်ကပြသွားကြ ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအနေဖြင့် စည်းကမ်းတကျ၊ ပျော်ပျော် ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ပါဝင် ဆင်နွှဲလာကြသည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း ပြောကြားသည်။ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် ကချင်ပြည်နယ်မှ (၄၀)ဦး၊ ကယားပြည်နယ်မှ (၃၅)ဦး၊ ကရင်ပြည်နယ်မှ (၄၀)ဦး၊ ချင်းပြည်နယ်မှ (၃၆)ဦး၊ မကွေးတိုင်း ဒေသကြီးမှ (၃၆)ဦး၊ မွန်ပြည်နယ်မှ (၃၇)ဦး၊ ရခိုင်ပြည်နယ်မှ (၄၀)ဦးနှင့် ရှမ်းပြည်နယ်မှ (၄၀)ဦး၊ စုစုပေါင်း(၃ဝ၄)ဦးတို့အား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များသည် နေပြည်တော်၏ဖွံ့ဖြိုးတိုးတက်မှု များကို ကြည့်ရှုလေ့လာရန် နေပြည်တော်၏ အထင်ကရနေရာများဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ခြင်းနှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နက္ခတ် တာရာပြခန်းနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်၍ စားသောက်ဆောင်များ၊ အိပ်‌ဆောင်များ၊ ဆပ်ကော်မတီရုံးခန်းများ၊ စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများ၊ ဈေးဆိုင်များခင်းကျင်း ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့