22 May 2026 : 10:05:00နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ကော်မတီဝင် ဦးခွန်နေထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးအေးကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရိပ်သာ၌ တတိယ အကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် နေရာချထားမည့် အဆောင်သုံးခု၏ အိပ်ဆောင်များ၊ ဧည့်တွေ့ဆောင်များ၊ အပန်းဖြေအနားယူမည့် နားနေဆောင်များ၊ ကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်း၊ စားရိပ်သာအဆောင်များတွင် ချက်ပြုတ်စားသောက်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ရေ၊ လျှပ်စစ်မီးရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က အိပ်ဆောင်များတွင် အမှိုက်ပုံးများထားရှိပေးရန် နှင့် အမှိုက်သိမ်းစနစ်အား စနစ်တကျဆောင်ရွက်ရန်၊ အဆောင်ဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြက်ချုံရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်နှင့် လုံခြုံရေးစနစ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။








